ဒီမိုကရေစီနိုင်ငံတွေကပညာရေးဝန်ကြီးများ
ဒီမိုကရေစီနိုင်ငံတွေက ပညာရေးဝန်ကြီးတွေရဲ့ အခန်းကဏ္ဍကို လေ့လာကြည့်ရင် နိုင်ငံရဲ့ ပညာရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ ပညာရေးဝန်ကြီးတွေဟာ နိုင်ငံတော်ရဲ့ ပညာရေးနဲ့ ပတ်သက်လာရင် အကောင်စားပညာရေးပေါ်လစီတွေ၊ အကောင်းစားပညာရေးဥပဒေတွေနဲ့ ပညာရေးဘတ်ဂျက်တွေ များများစားစား ရနေဖို့အတွက် ကြိုးစားရတာ ဖြစ်ပါတယ်။ ပညာရေးပေါ်လစီတွေနဲ့ ပညာရေးဥပဒေတွေက နိုင်ငံမှာ အကောင်းစားပညာရေးစနစ်တွေ ပေါ်လာစေဖို့ပဲ ဖြစ်တယ်။ ပညာရေးဘတ်ဂျက်ကတော့ အကောင်းစားပညာရေးပေါ်လစီတွေအရ ရေးဆွဲထားတဲ့ ပညာရေးဥပဒေတွေအတွင်းက ပညာရေးစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သုံးစွဲဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအတွက် နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ကို အကောင်ဆုံးဖြစ်အောင်
အကောင်အထည်ဖော် တဲ့နေရာမှာ နိုင်ငံတော်အတွက် ပညာရေးပေါ်လစီတွေ လိုအပ်တယ်။
နိုင်ငံတော်အတွက် ပညာရေးပေါ်လစီတွေကို ပညာရေးဝန်ကြီးက ဆရာတွေ၊ ပညာရှင်တွေ၊
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အခြားသော ပညာရေးနဲ့ ဆက်စပ်ပြီး ပါဝင်ပတ်သက်သူ(stakeholders)အားလုံးကို
ပါဝင်စေပြီး ရေးဆွဲ ချမှတ် ရပါတယ်။ ဒီလိုပညာရေးပေါ်လစီတွေ ရှိနေပြီဆိုရင်
ဒီပညာရေးပေါ်လစီတွေကို လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်ဖို့အတွက်
ပညာရေးဥပဒေတွေ လိုအပ်ပါတယ်။ အဲဒီအတွက်လည်း ပညာရေး ၀န်ကြီးကပဲ
ကြိုးစားရပါတယ်။ ပညာရေးဥပဒေတွေကို ရေးဆွဲတဲ့အခါမှာလည်း
ပညာရေးပေါ်လစီတွေကို ရေးဆွဲသလိုပဲ ဗဟိုအစိုးရ၊ ဒေသခံ အစိုးရ၊ ဆရာများ၊
ပညာရှင်များစတဲ့ ပညာရေးနဲ့ ပါဝင်ပတ်သက်သူ(stakeholders)အားလုံး
ပါဝင်ဖို့ လိုအပ်တယ်။ အဲဒီပညာရေးနဲ့ ဆက်စပ်ပြီး ပါဝင်ပတ်သက်သူအားလုံးရဲ့
အမြင်တွေကို စုပေါင်းပြီး ပညာရေး ဥပဒေကြမ်းရေးဆွဲရတယ်။
ဒီလိုပညာရေးဥပဒေကြမ်း ရေးဆွဲပြီးတဲ့အခါမှာလည်း ပညာရေးနဲ့ ဆက်စပ်သူ၊
ပါဝင်ပတ်သက်သူအားလုံးက အဲဒီပညာရေးဥပဒေကြမ်းကို အကြိမ်ကြိမ် ဆွေးနွေး၊
အကြိမ်ကြိမ် ပြင်ဆင်၊ အကြိမ်ကြိမ် အတည်ပြုပြီးမှ ပညာရေးဝန်ကြီးက
ဦးဆောင်ပြီး ကြိုးစားရေးဆွဲထားတဲ့ ပညာရေး ဥပဒေကြမ်း ကို ရရှိပါတယ်။
ပညာရေးဝန်ကြီးရဲ့ ဦးဆောင်မှုနဲ့ အချောသတ်ရေးဆွဲထားတဲ့ ဒီပညာရေးဥပဒေကြမ်းကို
လွှတ်တော်ကို တင်ပြရပါတယ်။ လွှတ်တော်မှာလည်း ဒီပညာရေးဥပဒေကြမ်းကို
အကြိမ်ကြိမ် ဆွေးနွေးငြင်းခုံပြင်ဆင်အတည်ပြုပြီးမှ
ပညာရေးနဲ့ ပတ်သက်တဲ့ တရားဝင်ဥပဒေတစ်ရပ်ကို ရရှိပါတယ်။ အဲဒီပညာရေးဥပဒေအရ
တိုင်းပြည်ရဲ့ ပညာရေးကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြရတာ
ဖြစ်ပါတယ်။ အဲဒီအတွက် ပညာရေးဥပဒေတွေအောက်မှာ
တက္ကသိုလ်အက်ဥပဒေတွေ၊ ကျောင်းအက်ဥပဒေတွေ၊ ဆရာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ
ရှိနေပါလိမ့်မယ်။ ဒီလိုပညာရေးဥပဒေတွေက တက္ကသိုလ်နဲ့ ပတ်သက်ပြီး၊
ကျောင်းတွေနဲ့ ပတ်သက်ပြီး၊ ဆရာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ ပညာရေးစနစ် ကို
ဖော်ဆောင်ခွင့်ပေးထားမယ်ဆိုရင်
ပေးထားသလောက် တိုင်းပြည်ရဲ့ ပညာရေးစနစ်က တိုးတက်လာ မှာ ဖြစ်ပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ ပညာရေးတိုးတက်ဖို့အတွက် တက္ကသိုလ်အာဏာပိုင်တွေကို
သူတို့တက္ကသိုလ်တွေ နဲ့ ပတ်သက်ပြီး အာဏာကုန်ပေးထားဖို့ လိုအပ်တယ်၊
ကျောင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းအာဏာပိုင်တွေကို အာဏာကုန်ပေးထားဖို့
လိုအပ်တယ်။ ဒါမှသာ ကိုယ့်အ၀န်း အ၀ိုင်းနဲ့ ကိုယ်၊ ကိုယ်နဲ့ ထိစပ်ရာပညာရေးကို
ကိုယ်စီကိုယ်ငှ တိုးတက်အောင် ဆောင်ရွက်နိုင်ကြ မှာ ဖြစ်ပါတယ်။ ဒါတွေ
အကုန်လုံးကို ပညာရေးဥပဒေတွေထဲမှာ အကျုံးဝင်ဖော်ပြထားရပါမယ်။
အဲဒီလိုပညာရေးဥပဒေတွေလည်း အဆင်သင့်ရှိလို့ ပညာရေးကို အကောင်းဆုံးဖြစ်အောင်
အကောင်အထည်ဖော်ကြပြီဆိုတာနဲ့
ဒီအတွက် သုံးစွဲဖို့ ငွေကြေးတွေ လိုအပ်လာပါတယ်။ အဲဒီအခါမှာ
ပညာရေးဘတ်ဂျက်တွေလည်း ရှိနေဖို့ လိုအပ်တယ်။ ဒါကိုလည်း ပညာရေးဝန်ကြီးကပဲ
အဓိကအားဖြင့် ကြိုးစားရှာဖွေရပါတယ်။ အာဏာရအစိုးရက ချပေးလိုက်တဲ့ ပညာရေးဘတ်ဂျက်ဟာ လက်ရှိဖော်ဆောင်နေတဲ့ ပညာရေး လုပ်ငန်းတွေ အတွက် ငွေကြေးလောက်ငှမှုမရှိဘူးဆိုရင်
ပညာရေးဝန်ကြီးကပဲ ပညာရေး အတွက် ငွေကြေးအလုံအလောက် ရရှိဖို့ ကြိုးစားရပါတယ်။
အဲဒီအတွက် ပညာရေးရန်ပုံငွေတွေ ပြည့်ပြည့် စုံစုံ ဖြစ်စေဖို့ ပညာရေးဝန်ကြီးက
ပညာရေးအတွက် လှူချင်နေကြတဲ့ ပြည်တွင်းပြည်ပက အလှူရှင်တွေ ဆီကနေ
ငွေကြေးအလှူခံနိုင်ပါတယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ အစိုးရတွေနဲ့
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကနေလည်း ငွေကြေးအကူအညီ တောင်းခံနိုင်ပါတယ်။
ဒီအလုပ်တွေကို ပညာရေး ၀န်ကြီးက လုပ်ရပါတယ်။ ပညာရေးအတွက် ဘတ်ဂျက်ငွေကြေး
ပြည့်ပြည့်စုံစုံ ရှိလေ ပညာရေးလုပ်ငန်းတွေ ကို အကောင်းဆုံးဖြစ်အောင်
လုပ်နိုင်လေပဲ ဖြစ်ပါတယ်။ အောင်နိုင်
ခြုံကြည့်လိုက်ရင်
ဒီမိုကရေစီနိုင်ငံတွေမှာ ပညာရေးဝန်ကြီးတွေ လုပ်ရတဲ့ အလုပ်တွေက အဓိကအားဖြင့်
အပိုင်းနှစ်ပိုင်း ဖြစ်ပါတယ်။ တစ်ပိုင်းက ပညာရေးလွတ်လပ်ခွင့်ကို
ဖြစ်ပေါ်စေတဲ့ ပညာရေးပေါ်လစီတွေနဲ့ ပညာရေးဥပဒေတွေ ဖြစ်ပေါ်လာစေဖို့ဖြစ်ပြီး
နောက်တစ်ပိုင်းကတော့ ပညာရေးဘတ်ဂျက်ငွေကြေးတွေ တိုးပွားနေစေဖို့ပဲ
ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေက ပညာရေးဝန်ကြီးတွေရဲ့ အလုပ်ပဲ
ဖြစ်ပါတယ်။
No comments:
Post a Comment