ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်နိုင်ငံမှာ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေ
ဗမာစာမဟုတ်တဲ့ တခြား ဘာသာစကားတခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တာ
ဂုဏ်ယူစရာ ဆိုပေမဲ့ ဗမာစကား ကို မေ့မပစ်ကြဖို့ လိုကြောင်း ပြောတော့
ဖင်လန်နိုင်ငံက ပညာရေးစနစ်နဲ့ ပညာရေး ၀န်ကြီးဌာန ကို ကျေးဇူးတင်ပြီးရင်း
တင်ရပါတယ်။
ဖင်လန်ဘာသာစကားဟာ တကမ္ဘာလုံးမှာကို သင်ကြားပြောဆိုဖို့
အခက်အခဲဆုံးထဲမှာပါတဲ့ ဘာသာ စကားတခုဖြစ်ပါတယ်။ လူဦးရေ ငါးသန်း လောက်ပဲ
သုံးတဲ့ စကားမို့လည်း ဘယ်သူမှ အရေးမထား တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဖင်လန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမဲ့ အလုပ် လာရောက် လုပ်ကိုင်တဲ့ ဗမာပြည်သား
မရှိသလောက်ကို နည်းပါးပါတယ်။ အကြောင်းအချက်ကတော့ ပျော်ရွင်ကျန်းမာသော
လူ့အဖွဲ့အစည်း တည်ဆောက်ထားတဲ့၊ ယင်း လူ့အဖွဲ့အစည်းကို
ဆက်လက်တည်ရှိဖို့အတွက် အစိုးရက အခွန် ကောက်ခံပါတယ်။ လူတယောက်ချင်းရဲ့
ဝင်ငွေကို တွက်ချက်ပြီး အခွန်ကောက်တဲ့အတွက် သာမန် ရိုးရိုး
အလုပ်လုပ်ကိုင်တဲ့ လူတစ်ယောက်ဟာ သူ့နိုင်ငံ သူ့အဆင့်အတန်း သူ့ဓလေ့နဲ့
လူတန်းစေ့ နေမယ် ဆိုရင်တော့ မနက်ဖန်အတွက်နဲ့ အလုပ်ပြုတ်မှာလည်း မပူရပေမဲ့
တလ၀င်ငွေဟာ တလအတွက် လုံလောက်ရုံလောက်ပဲ ရှိပါတယ်။ ထားပါတော့ ဒါဟာ
လက်ရှိအခြေအနေနဲ့ အလုပ်အကိုင်ကို ပါးပါးလေး ရှင်းပြထားတာပါ။
ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ မိဘတိုင်းကို ကျောင်းတွေက အချိန်
သက်သက်ပေးပြီး တွေ့ဆုံပါတယ်။ ဖင်လန်နိုင်ငံသား မိဘတွေက မွေးတဲ့
ကလေးတွေကိုတော့ တနှစ် နှစ်ခါ ပုံမှန်အတိုင်း ကလေးက စာလိုက်နိုင်တယ်၊
စည်းကမ်း လိုက်တယ်ဆိုရင်ပေါ့။ အကယ်၍ စည်းကမ်း တခုခု၊ ကျောင်းစာများတွင်
အခက်အခဲတွေရှိပါက လိုအပ်သလို တွေ့ဆုံရန် စီစဉ်ကြပါတယ်။ နိုင်ငံခြားသား
မိဘများကိုတော့ တနှစ်ကို ၄ ခါလောက် တွေ့ဆုံပါတယ်။ တွေ့ဆုံတဲ့ အချိန်ကာလမှာ
ဆရာဆရာမတွေ၊ မိဘတွေကို မေးတာက ကလေး မွေးမွေးချင်း ကလေး ကြားရတဲ့၊ သိရတဲ့
ပြောတဲ့ မိခင်ဘာသာစကားက ဘယ်ဘာသာ စကားပါလဲတဲ့။ အဲဒီ လောက်ထိ မိခင်ဘာသာကို
အလေးထားကြပါတယ်။

အိမ်မှာ မိခင်ဘာသာစကားကို ပြောပါသလား၊ မိခင်ဘာသာစကားကို သင်ကြား
ပေးပါသလား စသည်ဖြင့် မေးမြန်းပြီး။ အိမ်တွင် မိခင်ဘာသာကို ပြောဆိုဖို့၊
သင်ကြားပေးဖို့ တိုက်တွန်း တောင်းဆို ကြပါတယ်။ ဘာဖြစ်လို့ လည်း ကျနော်က
မေးကြည့်တော့ လူတယောက်ဟာ မိခင်ဘာသာ စကားနဲ့ပဲ ကိုယ်ရဲ့ ခံစားမှု၊
ဝမ်းသာကြည်နူးမှု၊ အခက်အခဲတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား
ပြောနိုင် လို့ပါပဲတဲ့။ နောက်တချက်က ဘာသာစကား တတ်ကျွမ်းခြင်းဟာ ယဉ်ကျေးမှု
ချမ်းသာခြင်း ဖြစ်လို့ပါတဲ့။ ထပ်ပြီး ရှင်းပြတာကတော့ မိခင်ဘာသာ
စကားကိုတောင် ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက်ဘူးဆိုရင် အခြား အသစ်
အသစ်သော ဘာသာစကားတွေကို သင်ကြားရာမှာလည်း အခက်အခဲတွေ ရှိလို့ပါတဲ့။
သူတို့က ပြောဆိုဆွေးနွေရင် အထောက် အထားတွေနဲ့ ပြောဆိုတာပါ။
ဖင်လန်နိုင်ငံမှာ ကလေးတွေ ပညာ သင်ကြားရေးနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့
အဖွဲ့အစည်းတွေရဲ့ နှစ်ပေါင်း ၂၀ လောက် စမ်းသပ် တွေ့ရှိချက်တွေကိုပါ
ကိုးကားပြပါတယ်။
ကျောင်းတွေမှာ ပညာရေးဝန်ကြီးဌာန၊ ကျောင်းမှ တာဝန်ရှိသူများရဲ့
အစီအစဉ်နဲ့ မိခင်ဘာသာစကားကို သင်ကြားပေးဖို့လည်း အစီအစဉ်များလည်း ရှိပါတယ်။
သို့သော်လည်း အနည်းဆုံး ကျောင်းသားဦးရေ ၅ ယောက် တော့ ရှိရပါတယ်။ အကယ်၍
ကျောင်းသား ဦးရေ ၅ ယောက် မပြည့်ပါ အခြား နီးစပ်သော ကျောင်းများနဲ့
ချိတ်ဆက်ပြီး ကလေး ၅ ယောက် ပြည့်ရန်နှင့် မိခင်ဘာသာ စကား သင်ကြားဖို့
ကြိုးစားပြီး စီစဉ်ကြပါတယ်။
ဒါနဲ့ ကလေးတွေကို ဗမာပြည်မှာ အင်္ဂလိပ်စာ သင်ကြားသလို အခြားဘာသာစကားတခုကို
သင်ကြားဖို့ သတ်မှတ် ထားတဲ့ အသက် အပိုင်းအခြား လည်း ရှိပါတယ်။ အသက် ၁၀
နှစ်ပြည့်မှသာ အခြားဘာသာ စကားတခုကို စတင် သင်ကြားရပါတယ်။
ဖင်လန်နိုင်ငံသားတွေဖြစ်တဲ့ အခု ၀န်ကြီးချုပ်တွေ၊ စီးပွားရေး
လုပ်ငန်းရှင်ကြီးတွေ နိုင်ငံတကာမှာ ပြောဆိုသုံးစွဲနေတဲ့ အင်္ဂလိပ်ဘာသာစကားဟာ
အသက် ၁၀ နှစ်ပြည့်မှ စတင် သင်ကြားထားတဲ့ ပညာရေးနဲ့ ဖြစ်ပါတယ်။ (မှတ်ချက်။
။ တတ်နိုင်တဲ့ မိဘတွေ၊ အင်္ဂလိပ်ဘာသာ စကားပြောတဲ့ မိဘတွေမှ
ပေါက်ဖွားကြီးပြင်း ရာထူးကြီးကြီး ရထားတဲ့သူ အချို့ မပါဝင်ပါ။)
ကလေးတွေဟာ အသက် ၇ နှစ်ပြည့်ပြီဆိုတာနဲ့ အစိုးရသတ်မှတ်ထားတဲ့ မသင်မနေရ
အခမဲ့ပညာ သင်ကြားရေး စနစ်မှာ တက်ရောက် သင်ကြားရ ပါတယ်။ အခမဲ့ ပညာရေး
စနစ်ဆိုတဲ့အတိုင်း မိဘက ကလေးများကို ကျောင်းနောက်ကျမှု မရှိရအောင်၊ အိပ်ရေး
၀၀ အိပ်အောင် (တရက် ၁၀ နာ၇ီ)၊ အပြင်တွင် ထွက်၍ ကစားရန် လေကောင်းလေသန့်နှင့်
ကာယဗလ ကြံ့ခိုင်သန်စွမ်းရန် တတ်နိုင်သလောက် တာဝန်ယူ ပေးရပါတယ်။ အသက် ၇
နှစ် ပြည့်ပြီဆိုပါက မည်ကဲ့သို့သော အခြေအနေရှိသည့် ကလေးမျိုးမဆို
သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက် သင်ကြားရပါတယ်။
မည်ကဲ့သို့သော အခြေအနေမျိုးလို့ ကျနော် ပြောဆိုတာက တချို့ကလေးများဟာ
မွေးရာပါ ချို့ယွင်းချက် များ ကြောင့် လမ်းကောင်းစွာ မလျှောက် နိုသူများ၊
မျက်စိ မမြင်ရသူများ၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိသူများ
စသည်ဖြင့် စသည်ဖြင့် အသက် ၇ နှစ်ပြည့်ပြီးသော ကလေးတိုင်းဟာ ကျောင်းတက်ရောက်
သင်ကြားရပါတယ်။ ခလေးတွေရဲ့ တရက်တာ စာသင်ကြားချိန်ဟာ အသက် ၁၀ နှစ်အထိ ၎
နာရီသာ ရှိပါတယ်။ ထို လေး နာရီ အချိန် ကာလအတွင်းမှာ ထမင်းစားချိန်က နာရီဝက်
(မိနစ် ၃၀) ပါဝင်ပါတယ်။ အိမ်တွင် စာလုပ်ရန် ၁၅ မိနစ်မှ နာရီဝက် (မိနစ် ၃၀)
အထိ သာ လုပ်ဆောင်ရမည့် အိမ်စာများ ပေးတတ်ပါတယ်။ ထိုသတ်မှတ်ထားတဲ့
အချိန်ထိသာ ကလေးများ အိမ်စာ လုပ်ရပါတယ်။ ထိုအချိန်ထက် ပိုပြီး ကလေးမှ
အိမ်စာ ပိုလုပ်ရပါက ဆရာများကို မိဘများက အကြောင်းကြားရပါတယ်။
အကြောင်းကြားရခြင်း ရည်ရွယ်ချက်ကတော့ ကျောင်းချိန် အတွင်းမှာ ကလေးဟာ
စာသင်ကြားခြင်းကို စိတ်ဝင်စားမှု ရှိ၊ မရှိ။ ဆရာများက ကလေးအား
စိတ်ဝင်တစားနဲ့ တတ်မြောက်ရန် သင်ကြားပေး နိုင်ခြင်း ရှိ-မရှိကို
ပြန်လည်သုံးသပ်ရန် ဖြစ်ပါသည်။
ကလေးစာသင်ကြားရတဲ့ ပထမဆုံး ၂ နှစ်အတွင်းမှာ ကလေးကို
စည်းကမ်းပိုင်းဆိုင်ရာတွေနဲ့ မိတ်ဆွေ အပေါင်း အသင်းများနဲ့
နေထိုင်နည်းကိုပဲ သင်ကြားပေးတာ များပါတယ်။ ကျောင်းတွေမှာ ခိုက်ရန် ဒေါသ
မဖြစ်စေဖို့၊ အကြမ်းဖက်မှုကို မည်ကဲ့သို့ ဖြေရှင်းရမည်လဲ၊ အခြားသော အပေါင်း
အသင်းများကို အနှောင့်အယှက်မပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်
မစဖို့၊ မနောက်ဖို့ စသည်ဖြင့် စိတ်ရှည်သည်းခံနိုင်ရေးအတွက် ဆရာများ က
လမ်းညွှန်တာ များပါတယ်။
ကျနော် အကြိုက်ဆုံးက ပြိုင်ဖက်ကို လေးစားတတ်အောင် သင်ကြားပေးတာပါပဲ။
ကလေးတွေကို ကြိုးစားတတ်ဖို့နဲ့ ပြိုင်ဆိုင်တတ်ဖို့ သင်ကြား ပေးသလို
ပြိုင်ပွဲတွေလည်း ကျင်းပပေးပါတယ်။ ပြိုင်ပွဲ တခုမှာ နိုင်ပြီဆိုပါစို့။
မိမိ ကိုယ်ကို ဂုဏ်ယူတတ်ဖို့ရယ်၊ တိုင်းပြည်ကို ငါ အကျိုးတခု ပြုလုပ်
လိုက်ပြီ ဆိုတဲ့ စိတ်ဓါတ်မျိုး ထားတတ်အောင်နဲ့ ရှုံးပြီဆိုပါကလည်း
အမြဲတမ်းတော့ မနိုင်နိုင်ဘူး၊ ငါပြိုင်ဘက်က ငါထက် ပိုကြိုးစားတယ်၊ ငါ
သူ့ထက် ပိုပြီး လေ့ကျင့်ရမယ် ကြိုစားရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို အချိန်ယူ
စိတ်ရှည်စွာနဲ့ လေ့ကျင့်သင်ကြားပေးတာပဲ။ ဗမာနိုင်ငံမှာ သည်လိုမျိုး
ပညာရေးစနစ်၊ အခွင့်အရေးတွေနဲ့ ကလေးတိုင်း ကလေးတိုင်း ယဉ်ကျေးတိုးတက်
နိုင်ကြပြီး အနာဂတ် ပညာတတ် ဗမာနိုင်ငံကြီး ပေါ်ထွန်းဖို့ မိဘတွေနဲ့
တာဝန်ရှိသူတွေ စွမ်းနိုင်ကြပါစေ။
မောင်ကြီးငြိမ်းချမ်း
( ၀န်ခံချက်။ ။ မောက္ခ ပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment