Sunday, July 1, 2012

ညောင်စေ့လောက်လှူညောင်ပင်ကြီးလောက်ရကြပါစေ



 H
ဗုဒ္ဓဘာသာမြန်မာလူမျိုးများပီပီ အလှူရေစက် လက်နဲ့မကွာလှူဒါန်းသည့်အလေ့အထသည် ချစ်စရာလူမျိုး
စရိုက်ပင်ဖြစ်သည်။ နည်းသည်များသည်ပဓာနမဟုတ်ပဲ လှူသူ၏စိတ်ထားမှန်ကန်ဖို့သည်သာ အဓိကဖြစ်
ပါတယ်။သာသနာပကာလတွင် သိန်းပေါင်းထောင်ချီလှူသော်လည်း အကျိုးမများပေမယ့် သာသနာတွင်း ကာလ၌ လှူဒါန်းချေသော်မည်မျှပင်နည်းပါးစေကာမူ အလှူပြုသူ၏ မြင့်မြတ်သောစိတ်ဓါတ်ကြောင့်အကျိုး များမည်မှာဧကန်မုချပင်ဖြစ်သည်။
တွေ့ဘူးခဲ့ပါသည်။ တစ်ခုသောတန်ဆောင်မုန်းလပြည့်နေ့၌ တွံတေးရွှေဆံတော်ဘုရားသို့ရောက်စဉ် ထိုသောအခါက နယ်မြေခံတပ်ရင်းမှူးဖြစ်သူနှင့် ဘုရားပေါ်တွင် ကြုံကြိုက်ခဲ့ပါသည်။ ဖြစ်ချင်တော့ ထိုသူမှာ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်နေပါသည်။ သူနှင့်အတူ ဘုရားပေါ်တွင် လှည့်လည်ကြည်ညိုနေစဉ် မသိုး သင်္ကင်္န်းရက်လုပ်မည့်အလှူခံမဏ္ဍပ်ရှေ့သို့ရောက်သွားပါသည်။ထိုအခါ သူက "လှူလိုက်အုန်းမယ်ကွာ"လို့
ပြောသည့်အခါ ကျွန်တော်၏စိတ်ထဲတွင် သြော် သဒ္ဒါပေါက်လို့ သူလှူမှာ လှူလို့ကတော့ နည်းမှာ မဟုတ် ဘူး ဟု တွေးနေစဉ် သူက ကျပ် ၂၀၀ တန်တစ်ရွက်ကြီးကို စေတနာသဒ္ဒါထက်သန်စွာဖြင့် ပစ်ခတ်ပြီး လှူလေသည်။ကျွန်တော်က မနေနိုင်ပဲ "သူငယ်ချင်းရာ ဒါပဲလား" ဆိုတော့ သူက ပျက်သွားသော မျက်နှာကို ပြန်အဖတ်ဆယ်ရင်း မချိပြုံးလေးဖြင့် "မင်းကလဲကွာ စိတ်က အဓိက ပဲလေကွာ" ဟုပြန်ဖြေ ပါသည်။ ကျွန်တော်က ဒါလည်း ဟုတ်တာပဲလေဟု တွေးကာ တစ်ဖက်သို့လှည့်ရင်း ပြုံးလိုက်ပါတော့သည်။
တစ်ခါက နားနှင့်ဆတ်ဆတ်ကြားဘူးခဲ့ပါသည်။ ရန်ကုန်မြို့လယ်မှာနေထိုင်သည့် နိုင်ငံကျော်ကျူရှင်ဆရာ ကြီးတစ်ယောက်၏၀ိုင်းတွင်စာသွားသင်ပေးရပါသည်။အိမ်ရှင်ဆရာကြီးသည် နာမည်လဲကြီး စိတ်ကောင်းလဲ
ရှိသူဖြစ်သောကြောင့် ဆရာနယ်ပယ်တွင် ကျင်လည်နေသူများ၏ နားခိုရာ ညောင်ပင်ကြီးလည်းဖြစ်ပါသည်။ တစ်နေ့မှာ ဆရာအိုတစ်ယောက်ရောက်လာပါတယ်။ သူဟာတစ်ချိန်က ရန်ကင်းကောလိပ်( ယခုရှိနေသော
ပညာရေးကောလိပ်ကို ပြောခြင်းမဟုတ်ပါ)မှာ ဆေးအကြိုသင်တန်းကဆရာတစ်ယောက်ဖြစ်ပါတယ်။အဲဒီ
ခေတ်တုန်းက ဆေးအကြိုတက်ပြီးမှ ဆေးတက္ကသိုလ်ဆက်တက်ရပါသည်။ ထိုဆရာကြီုးက ပြောသည်မှာ 
အဲဒီတုန်းက တပည့်ထဲမှာ ဒေါ်ခင်ဝင်းရွှေ (ဗိုလ်ခင်ညွန့်ကတော်)ပါတယ်လို့ပြောပြီးသူက တွေ့ဆုံခွင့်တောင်း
တာတွေ့ခွင့်ပေးလို့ သွားတွေ့မယ်ဆိုတဲ့အကြောင်းပြောတော့ ကျွန်တော်လည်း အသာနားစွင့်လိုက်ပါသည်။
အိမ်ရှင်ဆရာကြီးက" နေပါအုန်း ဆရာက ဘာလို့သွားမှာတုန်း" လို့မေးသောအခါ သူက "အခုထိ ကျွန်တော့်
မှာ အိမ်ပိုင်မရှိသေးတော့ ဘာအကူအညီများရမလဲဆိုပြီး သွားတွေ့မှာပါ" လို့ဖြေပါတယ်။ ကျွန်တော်နဲ့ မဆိုင်
လို့ ဘာမှမပြောပဲနေလိုက်ပါတယ်။ နောက်နှစ်ရက်လောက်ကြာတော့ ဒေါ်ခင်ဝင်းရွှေနဲ့သွားတွေ့တဲ့ ဆရာအို
ရောက်လာပြန်ပါတယ်။ လုပ်ဖော်ကိုင်ဖက် ဆရာတွေက ၀ိုင်းမေးကြသည်။ အဆင်ပြေလားပေါ့၊ ဗိုလ်ခင်ညွန့်
ကတော်ကြီးက ဘာတွေများဆောင်ရွက်ပေးလိုက်သလဲပေါ့နော်။ အဲဒီအခါမှာ ဆရာအိုက "ကျွန်တော် ပြော
ချင်လွန်းလို့လာတာပါ"တဲ့။ဆရာအိုကပြောတာကတော့ ဒေါ်ခင်ဝင်းရွှေကသူကိုယ်တိုင်တောင်အလုပ်အကိုင်
အစဉ်မပြေကြောင်း၊ ဒါကြောင့် ဆရာ့ကို ကူညီဖို့ဆိုတာ မလွယ်ကြောင်းပြောပြီး သူ့ပိုက်ဆံအိတ်ထဲက ငွေ
၈၀၀၀ ကျပ်ကို ဆွဲထုတ်ပြီး ဒီငွေတွေနဲ့ ဆရာ့ကို ကန်တော့ပါတယ်တဲ့ဗျာ၊ သာဓု၊သာဓု၊သာဓု......
သြော် သူလည်း ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရပါစေ။
ဟော လာပြန်ချေပြီ၊နောက်ထပ် သာဓု ခေါ်စရာ၊  ပြည်တွင်းက ခေါင်းစဉ် အမျိုးမျိုးကြောင့် ဆေးကုသ ခွင့်ဆုံးရှုံးပြီး မသေသင့်မသေထိုက်သူတွေ မသေအောင် ၁၉၈၉ ခုနှစ်ကတည်းက မဖြစ်ဖြစ်အောင်ကြိုး ပမ်းဆောင်ရွက်လာခဲ့တဲ့ ဆရာဝန်မကြီးဒေါက်တာစင်သီယာမောင် ဆိုလျှင် ကမ္ဘာကတောင် လေးစား ရပါတယ်။ ကျန်းမာရေးတင်မကပါဘူး ပညာရေးအတွက်ပါတစ်ဖက်တစ်လမ်းကနေ စွမ်းစွမ်းတမံဆောင်ရွက်
ပေးနေတဲ့သူပါ။ သူရှာဖွေထောက်ပံ့ပေးနေရတဲ့ငွေပမာဏဟာနှစ်စဉ် ဘတ်ငွေအနည်းဆုံး ၈ သန်း ၉သန်းရှိ
ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌမီးရထားဝန်ကြီး
ဦးအောင်မင်းသည် ပြည်ထဲရေးဒုတိယ၀န်ကြီးဦးခင်ရီနှင့်အတူ ဆရာမကြီးဒေါက်တာစင်သီယာမောင်ကို
ဇွန်လ ၂၆ ရက်နေ့က လာရောက်တွေ့ဆုံပါသည်။ အဲဒီနောက်ဆရာမကြီးရဲ့ လုပ်ငန်းတွေမှာ အသုံးပြုဖို့ဆိုပြီး
ဘတ်ငွေ ၁၅၀,၀၀၀(ဘတ်တစ်သိန်းခွဲ တိတိ) ကို ကိုယ်ထိလက်ရောက်လှူဒါန်းပါသည်။ မြန်မာပြည်ရဲ့ ၀န်ကြီးအဆင့်တွေရဲ့ ပိုင်ဆိုင်မှု ဓနဥစ္စာသည် ဘယ်လောက်တောင်များပြားတယ်ဆိုတာ နိုင်ငံသူနိုင်ငံသား
များ အကုန်လုံး လိုလို သိကြပါသည်။ သို့သော်လည်း ဘယ်လောက်ပဲ လှူ လှူ ၊ဒါနပေမို့ သာဓုပေါင်းများစွာ
ခေါ်ပြီး ဆုမွန်ကောင်းများလည်း ပို့သလိုက်ပါသည်။
ညောင်စေ့လောက်လှူပေမယ့် ညောင်ပင်ကြီးလောက်ရကြပါစေ
    သန့်စင်အောင် (ရန်ကင်း)

No comments:

Post a Comment