Friday, June 29, 2012

ကွန်တော်တို့ကျောင်းလေးအသက်ငင်နေတယ်


မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ဖို့သမတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များအင်တိုက်အားတိုက်နှင့် ကြိုးစား
နေသည်ဟု နိုင်ငံတကာမှ မျှော်လင့်ချက်ကြီးမားစွာဖြင့်ယုံစားနေစဉ် ကျွန်တော်တို့မှာတော့သောင်ပြင်လွှတ်
တဲ့ဘာကောင်လေးတွေမှန်းမသိဖြစ်နေရပါတယ်။
ရွေ့ပြောင်းကျောင်းသားများအတွက်ခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြင့်ကြိုးပမ်းတည်ဆောက်ခဲ့ရသည့်ကျောင်း
လေး ချိချိနဲ့နဲ့နှင့် ၈ နှစ်တာခရီးကြမ်းကြီးကိုမောမောပန်းပန်းလျှောက်လှမ်းခဲ့ရတာကိုစာမဖွဲ့လိုပါ။သို့သော်
နိုင်ငံရေးအရမျက်နှာပန်းလှစေရေးအတွက် ထိပ်ပိုင်းမှလူကြီးမင်းများငြိမ်းချမ်းရေးဆွေးနွေးနေသတဲ့။ 
ဆွေးနွေးပါ၊ကောင်းမွန်သောလုပ်ရပ်ဖြစ်သည့်အတွက်ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး
ထွက်၏။ အင်မတန်ဝမ်းမြောက်စရာပါ။ ပီတိဖြစ်ရပါတယ်။ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ မဲဆောက်တွင်
နိုင်ငံရေးအဖွဲ့အစည်းများနှင့်ဆွေးနွေးတယ်တဲ့။ လက်ခုပ်သြဘာပေးပါတယ်။
ဒါပေမယ့်ဗျာ၊ ညောင်ဦးကမ်းပါးပြိုတာနဲ့ ဟိုနေရာက နွားမပေါင် ကျိုးသလို မဲဆောက်တခွင်မှာ ရှိတဲ့ကျောင်းသားကျောင်းသူ ၁၇၀၀၀ကျော်ကို ထောက်ပံ့ပေးနေတဲ့ အထောက်အပံ့ကိုဖြတ်တောက် လိုက်တယ်ဆိုတော့ဘယ်လို နားလည် ရမှန်း မသိ၊ ဖြစ်သွားရပါတယ်။
အလှူရှင်တွေ ဘယ်အတွက် ရယ်ကြောင့်များ စိတ်ပြောင်းလေ သည်မသိ။ ကျွန်တော်တို့ သိတာကတော့ကိုယ့်ရဲ့သားချင်းကလေးတွေ ရဲ့ အနာဂါတ်ကိုတွေးရင်း စိတ်မကောင်း လိုက်တာ။ ကျွန်တော် တို့ကျောင်းမှာလာပြီးစာအုပ်တွေ လှူဒါန်းရုံတင်မက ကိုယ်တိုင်တောင်ကလေးတွေကို စာလာ သင်ပေးတဲ့ နော်ဝေလင်မယားရဲ့ ၀က်ဆိုက်နာမည်သိပ်ကြိုက်တယ်ဗျာ။  Recycle တဲ့၊ ဟုတ်လိုက်တာ၊ စွန့်ပစ်ခံရတဲ့ ပန်းကလေးတွေပါ။
မြန်မာပြည်မှာလုပ်ကိုင်စားဖို့အဆင်မပြေတာကြောင့် ထိုင်းနိုင်ငံ ထဲ ရွေ့ပြောင်းအလုပ်သမားအဖြစ်မိဘတွေနဲ့အတူပါလာပြီး ထိုင်းကကျောင်းတွေတက်ဖို့ကလဲ အင်မတန်ခက်ခဲ၊ ရွေ့ပြောင်းေ ကျာင်းတွေမှာနေ့တက်ကျောင်းသားတွေအဖြစ် လာတက်ဖို့ကလဲ မလွယ်၊ ဒါကြောင့် ဘော်ဒါပါဖွင့်ထားတဲ့ကျောင်းကိုလာတက်ခြင်းသည် သာထွက်ရပ်လမ်းဖြစ်တာကြောင့်အားကိုးတကြီးနှင့် ကျွန်တော်တို့ လိုကျောင်းတွေကိုရောက်လာကြတော့တာ။ရောက်လာတဲ့ ကလေးတွေကို ဆရာတွေမှာ 'နာ' ပေါင်းများစွာနဲ့ သင်ကြရတာပေါ့။ လစာဆိုတာ ကလည်း စားလောက်ရုံလေးပါ။တိကျတဲ့အုပ်ချုပ်မှုမရှိတာကြောင့် ဆရာတွေမှာလည်း ဟိုကလစာပေးနှိုးနှိုး ဒီကလစာပေးနှိုးနှိုးနှင့်မျှော်ရပါသည်။ မနှစ်ကဆိုလျှင် ဆရာများလစာ ၅ လ မရ သည့်အဖြစ်နှင့် ကြုံခဲ့ကြရ ပါတယ်။
ဒီနှစ်လည်း လစာ ဘယ်နေရာမှမပေးဟူသောသတင်းကောင်းကြီးသည် သင်းတပျံ့ပျံ့ဖြင့်ရောက်ရှိလာဆဲ
မှာပင် စိတ်ညစ်ညူးစရာ သတင်းဆိုးကြီးထပ်မံရောက်ရှိလာပြန်သည်။ ကလေးများအတွက် ရိက္ခာဖြတ်လိုက်
သတဲ့။ အဟောဝတကောင်းလေစွ ဟုသာ ပြောရပေတော့မည်။
မြန်မာပြည်ကြီးဒီမိုကရေစီရပြီတဲ့။ လာကြဟေ့ လာကြ၊ ရင်းနှီးမြှပ်နှံကြရအောင်၊ သွားပြီးကူညီကြ ရအောင်၊တို့ရဲ့ NGO ရုံးတွေ ကို မြန်မာပြည် ထဲရွေ့ကြရအောင်၊ အခု မြန်မာပြည် ရဲ့ခေါင်းဆောင်တွေ က တကယ် လုပ်မှာ၊ ဒါကြောင့် တို့ရဲ့မိခင်ဌာနကို အမြန် အကြောင်းကြား ကြဟေ့။ကောင်းလေစွ ၊ကောင်းလေစွ ၊ကောင်းလေစွဟုသာပြောစရာ ရှိပါတော့သည်။
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားစစ်စစ်များဖြစ်ပါတယ်။ ကိုယ့်အစိုးရကို ယုံကြည်ချင်ပါတယ်။
ဒါပေမယ့် နာဂစ်တုန်းက နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေက အခုထိ ပူပူနွေးနွေးရှိနေတယ်
လို့ ခံစားနေရတုန်းပဲဗျာ။
အကူအညီတွေကို အခုအဖွဲ့တွေပဲ အရင်တုန်းကတော့ သေနပ်ခါးချိတ်ပြီး စစ်ဘောင်းဘီကြီးတွေနဲ့ပေါ့။ အခု
တော့တိုက်ပုံတွေ၊ခေါင်းပေါင်းတွေနဲ့လေ။ ကူညီပါ့မယ်ဆိုတာတွေကိုငြင်းလိုငြင်း၊ဖြတ်စားလိုစား၊ ကြံ့ဖွံ့လက် ထဲထည့်ပါ ပြောလိုပြော၊ထည့်လိုက်ပြန်တော့လဲ ဗွီဒီယိုကင်မရာနဲ့ဆန်အိတ် ၁၀ အိတ်လောက်ပေးတာကို ရိုက်၊ ရိုက်ပြီးတာနဲ့ ဆန်အိတ် ၅အိတ်ကို ပြန်တင်သွား၊ တကယ်ဖြစ်ခဲ့တာတွေပါ။ အခုလည်း ယုံကြည်ချင်ပါ တယ်။တကယ်လုပ်မယ်လို့။နှစ်ပေါင်းများစွာလည်းဟုတ်တော့မလားလို့မျှော်လင့်ခဲ့ကြပါသေးတယ်။မျှော်လင့် 
တဲ့အတိုင်းလည်းဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။
ကျောင်းသူကျောင်းသားတွေကိုလဲအခြေအနေမှန်ကိုမပြောရက်ပါဘူး။မိတ်ဆွေသင်ကောပြောရက်ပါသလား
ဘာပဲဖြစ်ဖြစ်၊ တောင့်ထားနိုင်သရွေ့တော့တောင့်ထားမယ်လို့ ဆရာဆရာမတွေက ဆုံးဖြတ်ထားပါတယ်။
 ကလေးတွေကျန်းမာရေးအတွက်လည်းအလှူရှင်တွေလှူတဲ့ဆေးတွေကိုလည်းအချိန်မှန်တိုက်ကျွေးပါတယ်။
ထိုင်းနိုင်ငံမှာကြာပြီဖြစ်တဲ့ကလေးတွေကို ထိုင်းအစိုးရရဲ့ ခွင့်ပြုချက် နဲ့  ဘော်ဒါမှာနေပြီး ထိုင်းကျောင်းတက်နေတဲ့
ကျောင်းသူကျောင်းသားက ၄၂ ယောက်တောင်ရှိပါပြီ။ GED  ဖြေဖို့ပြင်နေ တဲ့ကျောင်းသားက ၂ ယောက်ရှိ
ပြီး ၉ ယောက် က GED ဖြေနိုင်ဖို့သင်ပေးတဲ့ကျောင်းကိုပို့ထားနိုင်ကာ လက်ရှိကျောင်းမှာတင် အကြိုသင်ပေး
နေတဲ့ သင်တန်းမှာ ကျောင်းသူ ၆ ယောက်နဲ့ ကျောင်းသား ၈ ယောက်ရှိပါတယ်။ ဘော်ဒါနေတဲ့ကျောင်းသား
ပေါင်း ၂၀၀ ကျော်လက်ရှိ ရှိနေပြီး နေ့တက်တဲ့ကျောင်းသူကျောင်းသား ၃၀၀ ကျော်ကို တစ်စီးတည်းရှိတဲ့ 
ကားစုတ်ကလေးနဲ့ နေ့စဉ်ကြိုပို့လုပ်ပေးနေပါတယ်။ 
 ဟင်းစားအတွက် ကန်စွန်းခင်းတွေ ရှိပါတယ်။ အလှူရှင်တစ်ဦးပံ့ပိုးသွားလို့ ကြက်ခြံလေးတစ်ခြံရှိပါတယ်။
ငါးကန်များရှိသော်လည်း ငါးမွေးရန်အရင်းအနှီးမရှိသည့်အတွက် ရေကန်များဖြစ်နေပါတယ်။ဒီကြားထဲ 
နေမကောင်းသည့်ကလေးများအတွက်လည်း မယ်တော်ဆေးခန်းနဲ့မှ မရရင် မဲဆောက်ဆေးရုံကြီးကို ရှေ့
မျက်နှာ ရှေ့မှာထားပြီး ပို့ရပြန်ပါတယ်။
မိတ်ဆွေ သင့်ရဲ့ ကြည်လင်နေတဲ့စိတ်တွေ နောက်ကျိသွားတာစိတ်မကောင်းပါဘူး။ ဖြစ်ရပ်မှန်အခြေအနေ
တွေကို တင်ပြလိုက်ရခြင်းသာဖြစ်ပါတယ်။ ခွင့်လွှတ်ပါ။
                                                       ဆရာသန့် (သွေးသစ်ကျောင်း၊ နောင်ဘွားရွာ၊မဲဆောက်)

No comments:

Post a Comment