Saturday, June 30, 2012

မပြောခဲ့ရတဲ့စကားတွေ




မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခြေလှမ်းနေတယ်လို့ပြောဆိုနေကြပါတယ်။ လွန်ခဲ့တဲ့နှစ်၅၀
ကစပြီး အာဏာရှင်အောက်မှာပြားပြားမှောက်ခဲ့ရလို့ အရှေ့တောင်အာရှမှာ အလွန်လှပ၊ အလွန်ချမ်းသာပြီး
သယံဇာတပေါများကြွယ်ဝတဲ့နိုင်ငံဟာ အရုပ်ဆိုး၊ အကျည်းတန်၊အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့အဆင့်
အထိလျော့ကျခဲ့ရပါတယ်။စီးပွားရေးမကောင်းလို့ပညာရေး၊ကျန်းမာရေး၊လူမှုရေးတွေလည်းနိမ့်ကျခဲ့ရပါတယ်။
နိုင်ငံတကာအလယ်မှာမြန်မာတွေဟာ အထင်သေးတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံခဲ့ရတွေအားလုံးသိကြမှာပါ။
 အခုတော့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုလျှောက်နေပြီဖြစ်လို့ယခင်ကလိုတစ်ဦးတစ်ယောက်ရဲ့နှုတ်ကထွက်
စကားဟာဥပဒေလိုအာဏာတည်ကာ၊တရားစီရင်တာတွေမရှိတော့ဘဲလွှတ်တော်ကသာအများဆန္ဒနဲ့အညီ
အာဏာသုံးရပ်ကိုကျင့်သုံးနိုင်ပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒီအခါမှာနောက်ကျကျန်ရစ်တဲ့ပညာရေး၊
ကျန်းမာရေး၊လူမှုရေးတွေကိုမြှင့်တင်ဖို့အားလုံးကကြိုးစားရမှာဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်သိပ်
မကြာခင်ကပညာရေးဝန်ကြီး၊ အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့ပညာရေးဖြစ်
ပေါ်တိုးတက်မှုအတွက်တင်ပြခဲ့ပါတယ်ဆိုတာ အဲဒီတုန်းကနိုင်ငံပိုင်သတင်းစာတွေမှာဖတ်ခဲ့ရဖူးပါတယ်။
တကယ်ဖြစ်ပေါ်တိုးတက်ရင်မြန်မာပြည်ကကျောင်းသားတွေ မဟီဒေါတက္ကသိုလ်တို့၊စင်ကာပူက ပေါ်လီ
တက္ကသိုလ်တို့ကိုသွားပြီးသင်ကြပါ့မလားလို့တွေးမိတယ်။မိဘတွေကလည်းငွေကုန်ကြေးကျခံကာသူများနိုင်ငံ
ကိုလွှတ်ချင်ပါ့မလား။
နယ်စပ်ကပညာရေး
သိပ်မကြာသေးခင်ကကျွန်တော်နယ်စပ်မှာတာဝန်ထမ်းဆောင်စဉ်မြန်မာအထက်တန်းကျောင်းကကျောင်း
သားတွေအကြောင်းသတိရမိတယ်။ကျောင်းသားတွေကအရှေ့မြောက်မှာဆိုတော့တိုင်းရင်းသားတွေက
သူတို့ကနံနက်အစောကြီးတရုတ်ကျောင်းသွား၊တရုတ်စာသင်ကြတယ်။သူတို့အတွက်ကတော့တရုတ်စာ
ရော၊ မြန်မာစာပါ other language ပါ။ ၈နာရီကြတော့ ကျောင်းလွှတ်၊ဒီအခါမှာ အစိုးရကျောင်းတက်ကြတယ်။
ဘာသာအမျိုးမျိုးတတ်တော့ကောင်းတယ်လို့ထင်ပါရဲ့။'ဘာသာမျိုးခြား၊စာစကားသင်ကြားသင့်သည်မှတ်'
ဆိုတာရှိတယ်မဟုတ်လား၊ဒီဘာသာမျိုးခြားစာကတော့ ၆တန်း ၇တန်းရောက်ရင်ချောင်းသေးလေးတစ်ခု
ခြားတဲ့ဟိုဘက်ကမ်းမှာမနက်သွားအလုပ်လုပ်၊ညနေပြန်လစာခြောက်ထောင် ခုနှစ်ထောင်ရပါတယ်။အဲဒီ
အချိန်ကကျွန်တော်တို့ဆီမှာမြို့နယ်မှူးတောင်မှ ၁၄၀၀ လောက်ရကြပါတယ်။အဲဒီအထက်တန်းကျောင်းက
ကျောင်းသားတွေဆယ်တန်းဖြေတော့စာစစ်ဌာနရှိတဲ့ခရိုင်မြို့ကိုသွားဖြေရတယ်။ကျောင်းသားအရေအတွက်
ကလည်းလက်နှစ်ဘက်တောင်မပြည့်ပါဘူး။အောင်စာရင်းထွက်တော့ တစ်ယောက်၊အဲဒီတစ်ယောက်က
ကျောင်းဆက်တက်ဖို့အခက်အခဲရှိတော့တက္ကသိုလ်မတက်နိုင်လို့လားရှိုးကောလိပ်အဝေးသင်တက်ရတယ်။
အလုပ်လုပ်ရင်းအဝေးသင်တက်မယ်ဆိုတော့ရှားရှားပါးပါးအောင်တဲ့သူဖြစ်လို့အဲဒီမှာရှိတဲ့ဌာနဆိုင်ရာတွေ
ဝိုင်းကူကြလို့နေ့စားစည်ပင်သာယာဝန်ထမ်းရပါတယ်။လစာတစ်ထောင်လောက်ရပါတယ်။ဟိုဘက်ကမ်းကို
သွားအလုပ်လုပ်တဲ့သူနဲ့မကွာဘူးလား။
ဒါကပညာလိုလားတဲ့မိဘနဲ့ကလေးတွေအတွက်ပြောတာပါ။ဆက်ပြီးစဉ်းစားစရာတွေကတော့တက္ကသိုလ်
သွားတက်၊ပြီးရင်အောင်၊ ဘွဲ့ရတော့လည်းအလုပ်ကမသေချာပါဘူး။ဒီတော့ပညာရေးကိုစိတ်ဝင်စားမှုလျော့
ပါးပါတယ်။နည်းတယ်လို့တောင်ဆိုနိုင်ပါရဲ့။ဒီအခြေအနေမှာမြန်မာပြည်ရဲ့ပညာရေးဖြစ်ပေါ်တိုးတက်မှုဆို
တာကလက်တွေ့နဲ့တခြားစီလို့မဆိုနိုင်ဘူးလား။
အဆောက်အဦတွေကိစ္စ
တစ်ခုတော့ရှိပါရဲ့၊ ဖြစ်ပေါ်တိုးတက်တာက ကျေးရွာတွေမှာတက္ကသိုလ်ကြီးတွေမှိုလိုပေါက်လာတာကို ဆိုလို
တာလားတော့မသိပါဘူး။ အဆောက်အဦကြီးတွေက ပဓာနလား၊ပညာတတ်ရေးက ပဓာနလားဆိုတာတွေး
နိုင်မှာပါ။အပေါ်ယံနဲ့အနှစ်သာရသဘောဆိုပါတော့။နယ်တွေမှာ တက္ကသိုလ်တွေဆောက်တော့ နယ်က
ကျောင်းသားတွေအဝေးမသွားရဘူးလို့ဆိုကြပါတယ်။ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။အဝေးသွားနေရရင်
ကျောင်းထားရတဲ့မိဘတွေမလွယ်ပါဘူး။ကျွန်တော်တို့အရပ်ထဲမှာရှိတဲ့ဒိုဘီအမျိုးသမီးကြီး(သူ့နာမည်က
မူနီ)ကျွန်တော်အမေကိုပြောတာသတိရတယ်။ သူတို့ကစာမတတ်ရှာဘူး။ဒီတော့သားအကြီးဆုံးစိုဟန်လား
ကိုမစ်ရှင်ကျောင်းထားတယ်၊ကျောင်းအိပ်ကျောင်းစားတော့မတတ်နိုင်ဘူး။ဒိုဘီအမျိုးသမီးကြီးက "ကျွန်မတို့
စာမတတ်လို့ခွေးဖြစ်တယ်အမေ၊ စိုဟန်လားလ်ကို ကျောင်းထားတော့ အခု သူတောင်းစား ဖြစ်တယ်"တဲ့။
 သူ့နီတိကအမှန်ပါဘဲ။ဒါနဲ့နောက်ဆက်တွဲပြောရအုန်းမယ်၊ စိုဟန်လားလ်က အခုလူတစ်လုံးသူတစ်လုံး ဖြစ်
နေတယ်လို့မတွေးလိုက်ပါနဲ့၊ မိကောင်းဖခင်သားပီသစွာ စောင့်လေမျိုးနွယ်ပါဘဲ။ အ၀တ်ထုတ်ကြီး စက်ဘီး
နောက်မှာတင်လို့ ဒိုဘီ ပဲဖြစ်နေတာပါပဲ။ရေရှည်ကျောင်းစရိတ်က ဒိုဘီအလုပ်နဲ့ ဘယ်လိုလောက်င ပံ့ပိုးနိုင်
မှာပါလဲ။
အသီးတစ်ရာ အညှာတစ်ခု ရွာကျောင်း
အခုဆင်းရွှေလီခေါ်တဲ့ စပါးမျိုးကိုတရုတ်ပြည်ကတင်သွင်းလာပြီးဌာနဆိုင်ရာတွေကို ဧက ၂၀ စိုက်ရတုန်းက
လားရှိုးမှာတွေ့ခဲ့ရတာပြောချင်ပါတယ်။လယ်သမားတွေနဲ့ထက်ဝက်စား၊ သူတို့တွေကလယ်တွေစိုက်၊ ဌာန
ဆိုင်ရာတွေကကြီးကြပ်ရပါတယ်။တစ်ပတ်တစ်ခါ ခရိုင်ထွေ/အုပ်ရုံးမှာစည်းဝေးပြီး အခြေအနေတွေကိုတင်ပြ
ရပါတယ်။ဒီအခါမှာ ဌာနတစ်ခုက သူတို့သွားပြီး စပါးစိုက်ရတဲ့ ရွာမူလတန်းကျောင်းအကြောင်းကို တင်ပြပါ
ပါတယ်။စပါးစိုက်တာနဲ့တော့မဆိုင်ပါဘူးတဲ့။ တွေ့ရတာစိတ်မကောင်းလို့ပါလို့ပြောပါတယ်။
တင်ပြတာက ရွာမူလတန်းကျောင်းမှာအမိုးသာရှိပါတယ်။အကာလည်းမရှိပါဘူး။ ကျောင်းပရိဘောဂက
လည်းမပြည့်စုံပါဘူး၊ ၀ါးနဲ့ခုံလေးတွေ လုပ်ထားပြီး ကောက်ရိုးနဲ့လုပ်ထားတဲ့ဖျာမှာထိုင်ရပါသတဲ့။ အဲဒါကိုဖြစ်
နိုင်ရင်ခရိုင်က ပရိဘောဂ၊ အဆောက်အဦပံ့ပိုးဖို့တင်ပြတာပါ။ ဒီအခါမှာ ခယက ဥက္ကဌ ဒုဗိုလ်မှူးကြီးကဘာမှ
မပြောမီ ဒုပြည်နယ်ထွေ/အုပ်မှူးက အဲဒီတင်ပြတဲ့သူကို "ခင်ဗျားပညာရေးဌာနရဲ့မူဝါဒကို သိသလား"တဲ့။
ဒီတော့သူက မသိပါဘူးလို့ဖြေပါတယ်။ "မသိရင်ကျွန်တော်ပြောပြမယ်၊ မြေ၊ပရိဘောဂ၊အဆောက်အဦတွေ
ကရွာက တာဝန်ယူရတယ်၊ ပညာရေးဌာနကကျောင်းဖွင့်ခွင့်ပေးတယ်၊ဆရာဆရာမတွေကို လစာပေးတယ်
ဒါပဲ"လို့ပြောတော့ကြားရတဲ့စကားကနားမချမ်းသာပါဘူး။ သူပြောသလိုဆိုရင်ပညာရေးဌာနက ဘာတွေများ
လုပ်ပေးပါသလဲလို့တွေးမိတယ်။ ပညာရေးရံပုံငွေကမရှိလို့မသုံးနိုင်တာလား၊ ရံပုံငွေက ဆရာဆရာမတွေရဲ့
လစာလောက်ပဲရှိပါသလားဆိုတာတွေးမိတဲ့အပြင်အဆင့်မြင့်ပညာက တက္ကသိုလ်ကြီးတွေဆောက်တာ
လောက် အဲဒီမူလတန်းကျောင်းတွေက ကုန်မှာပါလား။မူလတန်းဆိုတာကအခြေခံအုတ်မြစ်ပါ၊ အုတ်မြစ်
ဆိုတာ အဆောက်အအုံ(အဆောက်အဦရောပညာအရည်အချင်းအတွက်ရော)အတွက်အလွန်အရေးကြီး
တာကိုလည်း တွေးမိတယ်။
တက္ကသိုလ်ကြီးတွေကတော့ project ချပေးရင်ရာခိုင်နှုံးနဲ့ ရကြတယ်ဆိုတာကြားဘူးလို့ အဲဒီရွာကျောင်းလေး
အတွက်စိတ်မကောင်းပါဘူး။ ဒီကြားထဲ တာဝန်ရှိတဲ့ ခယကဥက္ကဌကဘာမှမပြောပဲ ဒုပြည်နယ်မှူး(ထွေ/အုပ်)
က၀င်ပြောတာပိုစိတ်မကောင်းဖြစ်ရတယ်။သူကအဲဒီဌာနဆိုင်ရာမြို့နယ်အဆင့်ပုဂ္ဂိုလ်ကိုဝန်ထမ်းအချင်းချင်း
တွေလို့သဘောမထားရော့သလား၊အထက်စီးကနေမိန့်နေတာကအကြည့်ရဆိုးလှပါတယ်။အနာဂတ်ဖွံ့ဖြိုးတဲ့
နိုင်ငံတော်ကြီးကိုတည်ဆောက်ဖို့အတတ်ပညာရှင်အသိပညာရှင်တွေကိုဘယ်လိုအခြေခံနဲ့မွေးထုတ်ပေးမှာပါ
လိမ့်။
အခုတော့လွှတ်တော်ကဘတ်ဂျက်မှာပညာရေးနဲ့ကျန်းမာရေးရံပုံငွေတိုးချပေးဖို့အဲဒီလိုရွာကျောင်းလေးတွေကို
ပံ့ပိုးပေးသွားနိုင်မယ်လို့ထင်ပါတယ်။ တကယ်တော့ INGO တို့၊ NGO တို့ကိုအားကိုးနေရတာလဲ သိပ်တော့
မကောင်းလှပါဘူး။ပညာရေးနဲ့ကျန်းမာရေးအသုံးစရိတ်တွေက ၁၂ ရာခိုင်နှုံးရှိမယ်လို့လဲသိရပါတယ်၊ကောင်း
ပါတယ်။
ကျယ်ကျယ်လောင်လောင်အသံ
လူ့စွမ်းအားရင်းနှီးမြှုပ်နှံမှုဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောနေကြပါတယ်။ဒါကလဲတကယ်အရေးကြီး
တာပါ။ကလေးတွေဟာ နောင်တစ်နေ့လူကြီးတွေဖြစ်လာမှာပါ။ အခုလူကြီးတွေမရှိတော့ရင် သူတို့လက်ထဲ
တိုင်းပြည်ကိုအပ်နှံခဲ့ရမှာဆိုတော့ကလေးတွေတော်ရင် တော်သလို ပညာတတ်တွေများရင်များသလို တိုင်း
ပြည်ကောင်းစားမယ်လို့ပြောရမှာပါ။
Technology ခေတ်မှာပညာတတ်များဖို့က အရေးသိပ်ကြီးတာပါကလား။ ဒါမှသာ Globalization ဆိုတာကိုအမီ
လိုက်နိုင်မှာဖြစ်ပါတယ်။
အခုလဲ လူတော်တွေ၊ပညာတတ်တွေဟာ မြန်မာပြည်မှာမနေနိုင်လို့ နိုင်ငံရပ်ခြားမှာသွားနေပြီး သူများ တိုင်းပြည်ကိုအလုပ်အကျွေးပြုနေကြရတာ စိတ်မကောင်းစရာဖြစ်ပါတယ်။ဒါကို ဦးနှောက်ယိုစီးတယ်ဆိုလား
ပြောကြရဲ့။ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုရေးဆိုတာတွေဟာ နိုင်ငံရဲ့ ပေါ်လစီပေါ်မှာ တည်နေတာ
ပါ။ ပေါ်လစီရဲ့လက်အောက်ခံကဏ္ဍတွေဖြစ်လို့ ပေါ်လစီမကောင်း(မကောင်းတာတော့ဟုတ်မယ်မထင်ပါဘူး။
ပေါ်လစီမရှိတာပါ) လို့ ကျန်တဲ့ကဏ္ဍတွေလည်း ပျက်စီးခဲ့ရတာပါ။ပညာရေးထိခိုက်တာကအဆိုးဆုံးလို့ဆိုချင်
ပါတယ်။
ဒီတော့ဒီပျက်စီးနေတဲ့ပညာရေးကို အမြန်ပြုပြင်နိုင်မှ မျိုးဆက်တစ်ခုနှစ်ခုအတွင်း ပြန်ပြီးကောင်းလာနိုင်ဖို့
မျှော်လင့်ချက်ရှိနိုင်မှာပါ။ ဒါကြောင့်ပညာရေးနဲ့ပတ်သက်တဲ့လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့၊ နိုင်ငံတကာနဲ့
ရင်ဘောင်တန်းလိုက်နိုင်မယ့်ပညာရေးစနစ်ကိုအချိန်မီပြုပြင်နိုင်ဖို့ ပြောရတာဖြစ်ပါတယ်။ ပြီးတော့ထစ်ခနဲ
ရှိရင်ကျောင်းတွေပိတ်၊ ပညာရေးကိုရိုက်ချိုးတဲ့ အကျင့်ဆိုးကိုလည်း ဖျောက်ဖို့စဉ်းစားရပါလိမ့်မယ်၊ကျောင်း
တွေပိတ်တာကတစ်လလောက်ကြာရင်ပဲမျိုးဆက်တစ်ခုနစ်နာပါတယ်။အဟောသိကံဖြစ်တာများလှပါတယ်။
ဓားစာခံမလုပ်သင့်
ကလေးတွေဟာလူကြီးတွေ၊အထူးသဖြင့်အာဏာရပုဂ္ဂိုလ်တွေရဲ့ စစ်တုရင်နယ်ရုပ်တွေ မဟုတ်ပါဘူး။မိမိ
အာဏာတည်မြဲဖို့ကျောင်းသားတွေ၊ ကလေးတွေကိုဓားစာခံလုပ်ခဲ့တာဟာ အခုထိပညာရေးနလန်မထူ
တာက သက်သေဖြစ်နေပါပြီ။ ခုတော့တက္ကသိုလ်တွေကို ပညာသင်နှစ်အရင့်အရင်တုန်းကလို ပြန်ပြီး တိုးမြှင့်
လိုက်တယ်လို့သိရပါတယ်။"သူတို့ကျောင်းတက်တဲ့အချိန်တွေ ကုန်နေတာနဲ့ဘာမှမခိုင်းရတော့ဘူး၊ မသုံးရ
တော့ဘူး" ဆိုတဲ့ဂယက်ကြောင့် နှစ်တွေလျော့ခဲ့တာ အခုတော့ အဲဒီအဆို ဘယ်လိုပျောက်သွားတာပါလိမ့်။
တက္ကသိုလ်တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းရာချီပြီး တည်ရှိခဲ့တဲ့ အနောက်က တက္ကသိုလ်ကြီးတွေရဲ့ နမူနာ
ကိုယူပြီးတည်ထောင်ထားခဲ့တာ( အနောက်မျှော်တာမဟုတ်) သူတို့အတွေ့အကြုံနဲ့ ပညာသင်နှစ်၊ သင်ရိုး
ညွန်းတမ်း၊ သင်ထောက်ကူ စတာတွေကို ကျကျနန နမူနာယူပြီး ရေးဆွဲခဲ့တာပါ။ဒါကို နှစ်ကြာလို့ဆိုပြီး
မြန်မြန်ပြီးအောင်နှစ်တွေလျော့တော့ ဘွဲ့ရတွေတော့များလာပါရဲ့၊ သီးကင်းလေးတွေကိုလက်ပူတိုက် မြန်မြန်
မှည့်ခိုင်းတာနဲ့ မတူဘူးလား။ မှည့်တာမှည့်ပါရဲ့ အရသာတော့မရှိဘူး။ ကျောင်းပြီး ဘွဲ့ရတဲ့ကလေးတွေကို
အလုပ်အကိုင်တွေ ဖန်တည်းမပေးနိုင်တဲ့အပြင် ဘွဲ့ရတွေရဲ့ အရည်အချင်းကလည်း နိမ့်လာတယ်လို့ပြောကြ
ပါတယ်။နေ့ကျောင်းတွေ ကျောင်းသားနည်းပြီး အဝေးသင်ခေတ်စားလာအောင် လုပ်ထားတာလဲ ပါ ပါတယ်။
အခုတော့ တက္ကသိုလ်တွေရဲ့ ပညာသင်နှစ်ကို တစ်နှစ်ဆီ တိုးမြှင့်၊ ယခင်လို ထားမယ်လို့ဆိုတော့ ကောင်း
လိမ့်မယ်လို့ ထင်ရတာပါပဲ။ ဒါပေမယ့် ဒါကိုကြည့်ရင်ပညာရေးဆိုင်ရာမူဝါဒ မရှိဘူး၊ ခု စာကလေးကြော် ခု ဆီ
ထမင်းလို ဖြစ်နေတာ ထင်ရှားလှတယ်။ အဓိက ကတော့ အာဏာရှင် အာဏာတည်မြဲရေးကိုကျားကန်ခဲ့တာ
ထင်ရှားနေတာပါ။ ပြောင်းလဲမှုတွေက ပြည်သူ့အကျိုးစီးပွားအတွက် ပြောင်းလဲတာဖြစ်သင့်ပါတယ်။
ပြည်သူ့လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်းလိုပါတယ်။


 

ဆရာသန့် (သွေးသစ်ကျောင်း)



(ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၉၈ တွင် ဖော်ပြခဲ့သည့် ဆရာကိုသင်း( ပန်ဆိုင်း) ရဲ့ ဆောင်းပါးကို
ကူးယူဖော်ပြပါတယ်)

No comments:

Post a Comment