Friday, June 29, 2012

ခေတ်မီပညာရေးနှင့်ကမ္ဘာ့အဆင့်မီရေးအခန်းကဏ္ဍ



ကမ္ဘာ့အဆင့်မီရေးဆိုတဲ့ပေတံ
ကျွန်မတို့နိုင်ငံအတွက် ခေတ်မီပညာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့်အတန်းမီရေးအတွက် ပညာရှင်တွေနဲ့
စာရေးဆရာတွေက အမျိုးမျိုးသောအတွေးအမြင်တွေနဲ့ ရေးသားဆွေးနွေးနေကြတာကို အခုတလောဖတ်
နေရပါတယ်။ကျွန်မတို့အနေနဲ့လည်း စိတ်ပညာကိုအသုံးချကာမြန်မာ့ပညာရေးအဆင့်အတန်းမြှင့်တင်နိုင်
ရေးနဲ့ပတ်သက်ပြီးဆွေးနွေးချင်ပါတယ်။ ပြင်ပလောကမှာရော၊မီဒီယာလောကမှာရော အပြောများတာ
ကတော့ မြန်မာ့ပညာရေးက ကမ္ဘာ့အဆင့်အတန်းကိုလိုက်မမီဘူး၊နောက်ကျကျန်ခဲ့ပြီ ဆိုတဲ့အချက်နဲ့၊ဒီခေတ်
ကျောင်းသားတွေ စာမတတ်ဘူးဆိုတဲ့အချက်တွေကို ဆွေးနွေးကြတာများပါတယ်။ ကမ္ဘာ့အဆင့်မီရေးဆိုတဲ့
ပေတံနဲ့တိုင်းပြီး မြန်မာ့ပညာရေုးကို နှိမ့်ချတဲ့သူတွေကို မေးချင်တာကတော့မြန်မာ့ပညာရေးကမွေးထုတ်လိုက်
တဲ့ကလေးတွေကဘယ်နိုင်ငံအတွက်လဲဆိုတာပါဘဲ။ မြန်မာပြည်မှာကျောင်းတက်နေတဲ့ကလေးတွေ၊တကယ်
ပညာတတ်ကြပြီး နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကအရေးပါလှပါတယ်။စက်ရုံ
တစ်ရုံက ကုန်ပစ္စည်းထုတ်တဲ့အချိန်မှာ ပြည်ပပို့ဖို့လား၊ပြည်တွင်းသုံးစွဲဖို့လားဆိုတာ စီမံကိန်းချပြီး ထုတ်လုပ်
သလိုပါပဲ။ပြည်ပပို့မဲ့ကုန်ပစ္စည်းဟာ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ညီအောင် လက်ရွေးစင်အဖြစ်သေချာစစ်ဆေးပြီး ထုတ်လုပ်ရသလို၊ ပြည်တွင်းအတွက် ဆိုရင်တော့လူတန်းစားမရွေးဝယ်ယူစားသုံးနိုင်မယ့်ကုန်ပစ္စည်းအများ
အပြားထုတ်လုပ်ရပါတယ်။ အဲဒီလိုပါပဲ၊ လူ့စွှမ်းအားအရင်းအမြစ်တွေ ထုတ်လုပ်တဲ့အခါ၊ ဥာဏ်ရည်ထူးချွန်
ထက်မြက်တဲ့သူတွေကိုရွေးထုတ်ပြီး၊ပညာသင်ဆုတွေပေးရင်းကမ္ဘာ့အဆင့်မီအောင်သင်ကြားပေးပြီး နိုင်ငံခြား
ကိုပညာတော်သင်စေလွှတ်ကာပြန်လာရင် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ့် ပညာရှင်တွေမွေး
ထုတ်ပေးရပါမယ်။ ဥာဏ်ရည်အဆင့်သာမန်ရှိသူများကို ကမ္ဘာ့အဆင့်မီစရာမလိုဘဲ၊ ဘာသာရပ်ဆိုင်ရာတွေ
ကိုမြန်မာစာပေနဲ့သာသင်ကြားကြရင်း ပညာအသိလေးဝင်သွားမယ့်သူတွေကိုမွေးထုတ်နိုင်ရင်တော့ခေတ်မီ
ပညာရေးကဏ္ဍဟာ အရှိန်အဟုန်ကောင်းစွာနဲ့မြန်မြန်ပြောင်းလဲလာမှာဖြစ်ပါကြောင်းဒီဆောင်းပါးနဲ့ဆွေးနွေး
ချင်ပါတယ်။
ပညာရေးဆိုတာ ဥာဏ်ရည်ထူးချွန်ထက်မြက်သူတွေပဲသင်ကြားပေးရတာမဟုတ်ဘူးဆိုတာ ဆရာဆရာမ
တိုင်းသိသင့်တဲ့အချက်ပါ။ ဥာဏ်ရည်အလယ်အလတ်နဲ့ဥာဏ်ရည်နိမ့်ကျတဲ့သူတွေကိုလည်း ပညာမရှိတဲ့သူ
နဲ့ယှဉ်ရင် ပညာအသိလေးဝင်ပြီး ဘွဲ့တစ်ခုရသွားတဲ့အခါ လူမူရေးနဲ့စီးပွားရေးနယ်ပယ်မှာ တင့်တယ်စွာ
နေတတ်သူတွေဖြစ်လာအောင်မွေးထုတ်ပေးဖို့လိုပါတယ်။ အဲသလို လူတွေအတွက်ကတော့ ကမ္ဘာ့အဆင့်မီ
အောင်လုပ်ယူလို့မရနိုင်ပါဘူး။ ဒါကြောင့်လက်ရှိအခြေခံပညာနဲ့အဆင့်မြင့်ပညာကနေမွေးထုတ်ပေးလိုက်တဲ့
ကျောင်းသားအားလုံး၊ရာနှုံးပြည့်ကမ္ဘာ့အဆင့်မီရေးဆိုတဲ့ ပေတံကြီးနဲ့ တိုင်းနေလို့ကတော့ဘယ်တော့မှပေမီ
ကိုက်မီမှာ မဟုတ်ပါဘူးလို့ဆွေးနွေးအကြံပြုချင်ပါတယ်။
ဆရာဥာဏ်ရည်နဲ့တိုင်းတဲ့ပေတံ
စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဥာဏ်ရည်လုံးဝထပ်တူကျတာမျိုးမရှိပါ
ဘူး။ လူတစ်ဦင်္းရဲ့ဥာဏ်ရည်ကောင်းခြင်း မကောင်းခြင်းကိုလွှမ်းမိုးတဲ့အချက်တွေကတော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေဖြစ်ပါတယ်။ မျိုးရိုးဗီဇအရ မျိုးဥတစ်ခုထဲကနေ အားကောင်းပြီး  အမြွှာဖြစ်လာ
တဲ့ ထပ်တူအမြွှာတွေကတော့ မိဘဆီကနေ မျိုးရိုးဗီဇ(genes)တွေအတူတူရကြတဲ့အတွက်  ဥာဏ်ရည်ပြကိန်း
တွေအတော်လေးတူညီတာကို တွေ့ရပါတယ်။ ဒါတောင် အဲဒီအမြွှာတွေကိုတစ်ဦးက ဖွံ့ဖြိုးမှုမရှိ ဆက်သွယ်ရေးမကောင်း၊ လျှပ်စစ်မီးမရှိတဲ့ တောအရပ်မှာ ကြီးပြင်းစေပြီး၊ တစ်ဦးကတော့ ဆက် သွယ်ရေး ကောင်းမွန်ကာ အင်တာနက်ကိုင်နေရတဲ့ မြို့ပြမှာ ကြီးပြင်းစေရင် မြို့ပြမှာ ရှိတဲ့ကလေးက ဥာဏ်ရည်ပိုပြီး မြင့်မားမယ်ဆိုတာ မတိုင်းဘဲနဲ့ သိနိုင်ပါတယ်။မိခင်ရဲ့သားအိမ်ထဲမှာ မျိုးဥတစ်ခုစီကနေ အားကောင်းပြီး အမြွှာဖြစ်လာတဲ့ ထပ်မတူအမြွှာ(fraternal twins) တွေက မိဘဆီကနေ မျိုးရိုးဗီဇက ရိုးရိုးမောင်နှမတွေလိုပဲ မတူညီဘဲ ရကြပါတယ်။ဒါကြောင့်သူတို့ကတော့ ပတ်ဝန်းကျင်တူသည်ဖြစ်စေ၊မတူ ညီသည်ဖြစ်စေဥာဏ်ရည်မတူကြပါဘူး။ အဲဒီလိုမိသားစုတစ်စုထဲမှာတောင် ဥာဏ်ရည်မတူညီကြတဲ့အတွက်
မိသားစုဝင်အသီးသီးကနေလာတဲ့ကျောင်းသားကျောင်းသူတွေဟာ တစ်ဦးနှင့်တစ်ဦး ကွဲလွဲမှုတွေ(individual differences) ရှိတယ်ဆိုတာ လူကြီးမိဘနဲ့ ဆရာသမားများအားလုံးမမေ့ဖို့သတိပေးချင်ပါတယ်။
ကျွန်မတို့ ရန်ကုန်ပညာရေးတက္ကသိုလ် တက်တုန်းက ပညာရေးစိတ်ပညာပါမောက္ခဆရာကြီး ဒေါက်တာ သိန်းလွင် စာသင်ရင်းပြောတဲ့ စကားလေးသတိရမိပါတယ်။ စာသင်ကြားတဲ့အခါ ဆရာ၊ဆရာမတိုင်းသတိ ထားရမှာကကိုယ့်ရဲ့ဥာဏ်ရည်နဲ့ကလေးရဲ့ဥာဏ်ရည်ကိုအတူတူုပဲထင်ကာ နှိုင်းယှဉ်တတ်ကြတာကိုရှောင် ကြဉ်ဖို့အရေးကြီးဆုံးပါပဲတဲ့။ ကိုယ်ကဆရာ၊ဆရာမ ဘ၀ကို ရောက်လာပြီ ဖြစ်တဲ့အတွက် ရုပ်ပိုင်းရော၊ စိတ် ပိုင်းရောဖွံ့ဖြိုးပြီးပညာမှာလည်း နှစ်ဘွဲ့သုံးဘွဲ့ ရထားတဲ့အတွက် ဥာဏ်ရည်ပိုင်းမှာလည်းမြင့်မားနေတာကိုမေ့
ပြီး ကိုယ့်လောက် ရုပ်ရောစိတ်ပါ မဖွံ့ဖြိုးတဲ့ကလေးတွေကို ဒါလေးတောင်မသိဘူးလား၊ဒီလောက်သင်နေတာ
တောင်နားမလည်ဘူးလား ဆိုပြီး အပြစ်မြင်ကာ ဆူတာ၊ရိုက်တာတွေ လုပ်မိတတ်ပါတယ်တဲ့။ ကလေးတိုင်း ဟာ တစ်ဦးနဲ့တစ်ဦး ဥာဏ်ရည်အဆင့်မတူတာကို သိပြီး ဥာဏ်ရည်မြင့်သူရော၊အလယ်အလတ်ရော၊နိမ့်ကျ
တဲ့သူတွေကိုပါ စာတတ်အောင်သင်နိုင်မှ ဆရာဆရာမကောင်းဖြစ်မယ် ဆိုပြီး မှာကြားခဲ့ပါတယ်။ စိတ်ပညာ
ရဲ့လေ့လာမှုအရလေ့လာခဲ့တဲ့လူဦးရေရဲ့၁၅ ရာခိုင်နှုံးမှ ၂၀ ရာခိုင်နှုံးလောက်သာ ဥာဏ်ရည်မြင့်မားသူတွေ
ဖြစ်ကြပြီးဥာဏ်ရည်သာမန်ရှိတဲ့သူတွေက ၇၀ ရာခိုင်နှုံးမှ ၈၀ ရာခိုင်နှုံးလောက်ထိရှိပါတယ်။ ဥာဏ်ရည်နိမ့်
ကျသူတွေကတော့ ၁၅ ရာခိုင်နှုံးမှ ၂၀ ရာခိုင်နှုံးလောက်သာရှိတာမို့လူ့ပတ်ဝန်းကျင်မှာ ပျမ်းမျှဥာဏ်ရည် ရှိသူတွေသာ အရေအတွက်အများဆုံးလို့မှန်းဆကြပါတယ်။
ဘာသာရပ်တိုင်းမှာရှိတဲ့တန်ဖိုး
ပြည်သူ့ခေတ်ဂျာနယ်ထဲမှာ ပညာရေးဆိုင်ရာဆောင်းပါးတွေကို စိတ်ဝင်တစား ဖတ်တတ်တဲ့ကျွန်မအနေနဲ့
ဆောင်းပါးတစ်ပုဒ်ကိုဖတ်ရင်းတွေ့ခဲ့ရတဲ့ အချက်လေးကို နှိုင်းယှဉ်ပြီးဆွေးနွေးချင်ပါတယ်။ အဲဒီဆောင်းပါး
ထဲမှာ ၂၀၀၈-၀၉ခုနှစ်တွင် Professional Universities ခေါ်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ရောက် သင်ကြားနေသောဦးရေမှာ ၆၅၀၀၀ ပတ်ဝန်းကျင်ရှိကြောင်း၊ Non Professional Universities ခေါ် အထွေထွေဘာသာရပ်များ သင်ကြားလျက်ရှိသောဦးရေမှာ ၁၇၀၀၀၀ သိန်းကျော်ရှိကြောင်းတွေ့ရပါတယ်
လို့ဖော်ပြထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျောင်းသားထုဦးရေထဲမှာ အတန်းပညာဆိုင်ရာ ဥာဏ်ရည်တွေဟာ သာမန်အဆင့်ရှိသူများပြားကြောင်း သက်သေပြတာဖြစ်ပါတယ်။အဲဒီဆောင်းပါးမှာပဲ လက်တွေ့မတတ် လက်တွေ့တွင်အသုံးမ၀င်သော အထွေထွေဘာသာရပ်ဆိုင်ရာ တက္ကသိုလ်ဘွဲ့ရများ၏ အလုပ်အကိုင်ရရှိရန်အခွင့်အလမ်း အတော်ပင်နည်းပေသည်။ လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်
အတွက် ဘွဲ့ရများမှာ များစွာမလိုအပ်ပါဆိုပြီး ဖော်ပြထားပါတယ်။ လက်တွေ့ပညာပို့ချနေသော ဆရာမတစ်ယောက်အနေနဲ့ဆွေးနွေးရရင် တက္ကသိုလ်များမှာ ပညာသင်ရင်း ထူးချွန်ထက်မြက်သောသူများ
ကို ဒုတိယနှစ်စာမေးပွဲနှင့် တတိယနှစ်စာမေးပွဲများစစ်ဆေးပြီး ဂုဏ်ထူးတန်း မဟာတန်းတက်ခွင့်ပေးနေ
ကာကမ္ဘာ့အဆင့်မီသင်ရိုးများဖြင့် သင်ကြားသောကြောင့်လက်တွေ့တွင် တတ်မြောက်သူများရှိပါကြောင်း
ဆွေးနွေးချင်ပါတယ်။ တက္ကသိုလ်တွင်သင်ကြားရန်ပြဌာန်းထားသော မည်သည့်ဘာသာရပ်မဆို သူ့တန်ဖိုး
နှင့်သူရှိသောကြောင့် ကမ္ဘာအ၀ှမ်းမှ သင်ရိုးညွန်းတမ်းနှင့်အညီ သင်ကြားပေးလျက်ရှိနေပါတယ်။ ကျွန်မတို့
စိတ်ပညာဘာသာရပ်တစ်ခုကိုဘဲ ဥပမာပြုကာပြောရမည်ဆိုလျှင်အခုခေတ်မျိုးဆက်သစ်လူငယ်တွေ အနေ
နဲ့ စိတ်ပညာဘာသာရပ်အထူးပြုနှင့်ဘွဲ့ရပါက တက္ကသိုလ်နည်းပြ သရုပ်ပြ၊ ဒုရဲအုပ်၊ ရဲထောက်လှမ်းရေး၊ ပြည်
ထောင်စုရာထူးဝန်အဖွဲ့၊ ဘွဲ့ရဗိုလ်သင်တန်း၊ ကျောင်းဆရာမ၊မူကြိုဆရာမ၊သူနာပြုဆရာမ စသဖြင့်လုပ်ကိုင်
နိုင်သလို အစိုးရမဟုတ်သော NGO အဖွဲ့များတွင် လွှမ်းခြုံသုတေသနပြုသူ၊ နှစ်သိမ့်ဆွေးနွေးအကြံပြုသူ
(counselor) စသဖြင့် နိုင်ငံတိုးတက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ လုပ်ကိုင်ဆောင်ရွက်နိုင်သူ
တွေကို မွေးထုတ်ပေးနေပါတယ်။မြန်မာ့စီးပွားရေးလောက၊ လူမှုရေးလောက၊ နိုင်ငံရေးလောကထဲမှာ
အောင်မြင်ထင်ရှားနေကြတဲ့လူတွေထဲမှာ အထွေထွေဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များမှ ဘွဲ့ရသူတွေ
အများကြီးဆိုတာ တွေ့မြင်နိုင်ပါတယ်လို့ဆွေးနွေးလိုပါတယ်။ ဒါတွေဟာ လက်တွေ့အသုံးဝင်ကြောင်း ပြတဲ့
သက်သေတွေပါ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုလျှင် စိတ်ပညာရှင်တွေက ဥာဏ်ရည်စစ်ဆေးလွှာကိုသုံးပြီး ကလေးတွေရဲ့ဥာဏ်ရည်
အစွမ်းအစကို ဖော်ထုတ်ပေးကာ အခြေခံကျောင်းတွေမှာ အဆင့်ခွဲခြင်း၊ ပညာရည်ချွန်ဆုပေးခြင်း၊ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပေးခြင်း စတာတွေကို လုပ်ဆောင်
နေကြပါတယ်။
လူတစ်ယောက်ဟာဥာဏ်ရည်စစ်ဆေးလွှာကို ဖြေဆိုလိုက်တဲ့အခါ ရရှိလာတဲ့အမှတ်က ဥာဏ်ရည်ပြကိန်း
(IQ) ဖြစ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ယူဆချက်က လူတွေဟာကိုယ့်ဥာဏ်ရည်နဲ့ လိုက်လျောညီထွေတဲ့
အလုပ်ကိုလုပ်ရတာ ကိုယ့်ဥာဏ်စွမ်းကိုထုတ်ပြီးဝါသနာပါရာကိုလုပ်နေရတာတွေဟာ ဘ၀မှာကြေနပ်နှစ်
သက်မှုကိုရကြပြီး ပျော်ရွှင်အောင်မြင်တဲ့ဘ၀တွေကိုရနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ (IQ) တွေကိုစစ်ဆေးပေး
ခြင်းဖြစ်ပါတယ်။စောစောကတင်ပြခဲ့တဲ့ပညာရေးဆိုင်ရာဆောင်းပါးမှာ နှစ်စဉ် သုံးသိန်းခန့် ဆယ်တန်းဝင်
ရောက်ဖြေဆိုသူအများစုကို (Vocational Training Colleges)များကို တက်ရောက်သင်ကြားနိုင်ရန်တည်ထောင်
ပြင်ဆင်သင့်ကြောင်းယူဆပါသည် ဆိုပြီးပါရှိပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင်
ကလေးတစ်ဦးနဲ့တစ်ဦး ဥာဏ်ရည်အဆင့်မတူညီမှုတွေဟာ မျိုးရိုးဗီဇနှင့်ပတ်ဝန်းကျင်ပေါ်မှာမူတည်နေပါ
တယ်။ ပြီးတော့ ကလေးရဲ့အထုံပါရမီ၊၀ါသနာ၊စိတ်ဝင်စားမှု၊ ကိုယ်ရည်ကိုယ်သွေး စတဲ့အချက်တွေပေါ်မူ
တည်ပြီး ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းတို့ကိုရွေးချယ်ရတာမှ မှန်ကန်ပါတယ်။ ပညာရေးတိုးတက်ဖို့
ဆိုတာ စိတ်ခံစားမှုမပါတဲ့ စက်ရုပ်တွေလိုသဘောထားပြီး ကျောင်းသားတွေကို ဇွတ်ပုံသွင်းယူလို့ အောင်မြင်
မှုမရနိုင်ပါဘူးလို့ဆွေးနွေးချင်ပါတယ်။
မြန်မာစာနှင့်မြှင့်တင်ရေး
ဂျပန်နိုင်ငံမှာဆိုရင် ဥာဏ်ရည်ထူးချွန်ထက်မြက်တဲ့ကလေးတွေကိုလက်ရွေးစင်ရွေးချယ်ပြီးပညာသင်ဆုတွေ
ပေးကာ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာထူးချွန်အောင်သင်ကြားပေးရင်းကြီးပြင်းလာတဲ့အခါနိုင်ငံခြားပညာ
တော်သင်ပို့ကြပါတယ်။ အဲဒီကျောင်းသားတွေကနိုင်ငံခြားကနေပညာသင်လာပြီးကိုယ့်နိုင်ငံအကျိုးရှိမယ့်
သုတေသနတွေလုပ်ကြ၊ တည်ထွင်ကြ၊ကိုယ်သင်ကြားခဲ့တဲ့စာတွေကို ဂျပန်စာနဲ့ ပြန်ပို့ချကြကာ ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုးတိုးတက်ဖို့လုပ်ကြပါတယ်။ ကျန်တဲ့သူတွေကတော့ ဂျပန်စာပေနဲ့ပဲ ပညာသင်ကြားကြရပါတယ်
လို့ ဂျပန်ကိုပညာတော်သင်သွားခဲ့တဲ့ ကျွန်မတို့ဆရာကြီးက စာသင်ရင်းပြောပြခဲ့ပါတယ်။ ဒါကြောင့်မြန်မာ
ပြည်ရဲ့ ပညာရေးတိုးတက်ဖို့အတွက် မျိုးဆက်သစ်တွေကို တကယ်စာတတ်စေချင်ရင် အရင်ဆုံးဆောင်ရွက်
ရမှာကဘာသာရပ်ဆိုင်ရာသင်ရိုးတွေကို English စာမှလွဲ၍ မြန်မာစာပေနဲ့သင်ကြားပေးခြင်းဟာ အကောင်း
ဆုံးအချက်ဖြစ်ပါတယ်။ ဒါဆိုရင် ကျောင်းသားတွေအနေနဲ့မြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာစာပေကိုချစ်
မြတ်နိုးလာကာ တိုင်းပြည်ကိုလည်းချစ်စိတ်တွေ မွေးဖွားလာနိုင်ပါတယ်။ ဂုဏ်ထူးတန်းနဲ့ မဟာတန်းအဆင့်
မီသူတွေကိုတော့ ကမ္ဘာ့အဆင့်မီ English စာဖြင့်သင်ယူစေကာ ပညာသင်ဆုတွေပေးရင်းပညာရေးတိုးတက်
လာအောင်ဆောင်ရွက်ဖို့အားပေးသင့်ပါတယ်။ ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်တဲ့အခါမှာလည်း စိတ်
ပညာရှင်တွေရဲ့အကူအညီလိုသလို လာဘ်ပေးပြီးရွေးချယ်တာတွေပပျောက်အောင်ပညာရေးလောကမှ
ဆရာဆရာမ ၀န်ထမ်းများကို လုပ်ခလစာ၊ရိက္ခာ ဒီထက်မက ပြည့်စုံအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။
ခေတ်မီပညာရေးဆိုတဲ့ ပန်းဥယျာဉ်ကြီးထဲမှာ ငုံသောပန်းတိုင်းပွင့်အောင် ပွင့်သောပန်းတိုင်းလန်းအောင်
ဆောင်ရွက်ကြရမှာ လူကြီးမိဘနှင့်ဆရာသမားတို့ရဲ့တာဝန်ဖြစ်ပါကြောင်း ဆွေးနွေးလိုက်ရပါတယ်။
( ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၉၅ ပါ ဆရာမကြီး ဒေါ်မြမြဆွေ( စိတ်ပညာ)၏ ဆောင်းပါးကို မူရင်း
အတိုင်း တင်ပြအပ်ပါသည်။)

No comments:

Post a Comment